သထုံ ဩဂုတ် ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ မူဆာတန်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးဟောပြောခြင်း စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရာတွင် ရှေးဦးစွာ မူဆာတန်းမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရှိုင်းဝေယံဇော်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကြကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)