ပင်လုံမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ပင်လုံ သြဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရာဇာက စီမံကိန်းသင်တန်းနှင့် စပ်လျဥ်း၍ ရှင်းလင်း၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဝင့်ဝင့်ဆွေက သင်တန်းသားများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ သင်တန်းဆရာနှင့် သင်တန်းသူသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြပြီး စက်ချုပ်သင်တန်းအား ဆက်လက်ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ (၁၆)ဦး တက်ရောက်မည်ဖြစ်ကာ သင်တန်းကာလ(၁)လနှင့် မွမ်းမံကာလ(၁၅)ရက် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)