ကျောက်ဆည် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေရေးနှင့် အစားထိုးသုံးစွဲမှုများလိုက်နာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် ၇နာရီက ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးတွင် ပြုလုပ်သည်။
ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိုးစံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့မွန်ကံတို့က ဈေးရောင်းချသူများအနေဖြင့် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များအစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ သတင်းစာ စက္ကူစသည့် သင့်တော်ရာများနှင့်အစားထိုးထုပ်ပိုး သုံးစွဲသွားကြစေရေးရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ် အမှိုက်ကင်းစင်ရေး လိုက်နာဆောင်ရွက်သွားကြရန်အတွက် ပလတ်စတစ်၏ ဆိုးကျိုးများဖြစ်သည့် မြေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်း အကြောင်းများနှင့် ပလတ်စတစ်အမျိုးအစားများအကြောင်း၊ ဖြေရှင်းရန် နည်းလမ်းများအကြောင်း ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ရေရှည်အသုံးပြု နိုင်သည့်အိတ်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)