ပေါင် ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အ.ထ.က(မုတ္တမ)ကျောင်း၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဦးမြင့်အောင်နှင့် သထုံခရိုင် ဥပဒေအရာရှိနှင့် မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ ပုဒ်မ ၄၂၇ (က) ပြဌာန်းချက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များ ဖွဲ့စည်းခြင်းမပြုနိုင်သေးမီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ဥပဒေပညာဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ပညာဘာသာရပ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေပညာဘာသာရပ်ကို သိရှိလိုက်နာစောင့်ထိန်းကြရသည့် ပြဋ္ဌာန်းသတ်မှတ်ထားသော စည်းကမ်းကျင့်စဥ်ကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည်နိုင်ငံတော်က ထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းကြရမည်။ ဥပဒေက မလုပ်ရန်၊ ရှောင်ရှားကြရန်တားမြစ်ထားသော ပြဋ္ဌာန်းချက်များကို မလိုက်နာပါက ဥပဒေ၏ ပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားကြရမှာဖြစ်ပါကြောင်း၊ ဥပဒေအသိပညာပြန့်ပွားပေးရခြင်းမှာ နိုင်ငံသားတိုင်းဥပဒေအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေအသိအမြင်၊ ဥပဒေအတွေးအခေါ်၊ ဥပဒေစိတ်ထားများ၊ ဥပဒေစကားများ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊ သိမှတ်ဖွယ်ရာ ဥပဒေရေးရာအဖြာဖြာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀ခုနှစ်)၊လောင်းကစားဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် လူကုန်းကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေတို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ ကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ သထုံခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်အေးက ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က (အ.ထ.က) မုတ္တမ စာကြည့်တိုက်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များ ၄၃၇ မျိုးကို အ.ထ.က (မုတ္တမ) ကျောင်းဆရာမ ဒေါ်ခင်လှဦးထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)