တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား

တနိုင်း သြဂုတ် ၁၈

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ်(၁)အခြေခံအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိသည်။

အခမ်းအနားကို အ.ထ.က(၁)ကျောင်းမှ G-10 ကျောင်းသား/ သူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် အခမ်းနားကို ဖွင့်လှစ်ခဲ့ပြီး တနိုင်းမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ တနိုင်းခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် တနိုင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီဝင်းတို့မှ G-12 ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား/ သူများကို အမှာစကား ပြောကြားခဲ့သည်။

မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ G-12 တွင် ထူးချွန်စွာအောင်မြင်သော ၄ ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၁၆)ဦးနှင့် ထူးချွန်စွာသင်ကြားပေးသော ဆရာ/ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၁၀) သိန်းကျပ်အား ချီးမြှင့်ခဲ့သည်။

ပြည်အောင်နိုင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တို့မှလည်း ကျောင်းသား/ သူများနှင့် ဆရာ/ဆရာမများအတွက် (၁၀)သိန်းကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ကျောင်းကော်မတီဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူမိဘများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မနောမြေ(တနိုင်း)