မောက်မယ် သြဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းအစိုးရဝန်ထမ်းပေါင်း စုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငွေလမင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်တို့က အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ် အမှုဆောင်အဖွဲ့မှ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ရာ အသင်းသူအသင်းသားများအားလုံးက အတည်ပြုလက်ခံကြပြီး လစ်လပ်သွားသောအမှုဆောင်(၂)ဦးတို့ကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက အသင်းသား/ အသင်းသူများ၏ သားသမီးများထဲမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် စုဆောင်းငွေကျပ်(၁၀)သိန်းနှင့်အထက် စုဆောင်းငွေရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော အသင်းသား/အသင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)