နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၈

နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်ရေခွန်ကောက်ခံရရှိမှုအခြေအနေနှင့် အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊  ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အထောက်အကူပြုစေရန်အတွက် ရသင့်ရထိုက်သော အခွန်၊ အခများရရှိရေးအတွက် ဥပဒေ၊ နည်းဥပဒေအမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း အခွန်ဘဏ္ဍာငွေအပြည့်အဝရရှိရန် မိမိတာဝန်ယူရသည့် ကဏ္ဍအလိုက်လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နှစ်စဉ်အခွန်ရပ်ရပ် လျာထားချက်များ ပြည့်မှီကျော်လွန်စွာ ကောက်ခံရရှိရေးအတွက် အခွန်ပညာပေးဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ အခွန်ကောက်ခံရရှိမှုတိုးမြှင့်လာစေရေးနှင့် အခွန်ငွေအပြည့်အဝရရှိရေးအတွက် အခွန်ထမ်းပြည်သူများမှ အခွန်များ မှန်မှန်ကန်ကန်ပေးသွင်းရေး၊ အခွန်ရှောင်ရှားမှုများ မရှိစေရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အခွန်ထမ်းအသစ်များတိုးချဲ့ဖော်ထုတ်ခြင်း၊ အခွန်လွတ်ကင်းမှုများဖြစ်ပေါ်နေသည့် နယ်ပယ်များကိုရှာဖွေဖော်ထုတ်ခြင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီဝင်းအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများမှ Modular House များဖြင့် နေထိုင်နေမှု‌အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေ၊ မီး၊ သန့်စင်ခန်းများ ပြည့်စုံစွာဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ လျှောက်လမ်းများအား စနစ်တကျဆောင်ရွက်ထားရှိရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျဌာနီလမ်း၊ ဇမ္ဗူရန်နှိမ်လမ်းနှင့် ရာဇသင်္ဂဟလမ်းများသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် စက်ယန္တရား၊ လူအင်အားတိုးမြှင့်ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)