ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၇)နှစ်အောက် T-20 ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်

ဟိုပုံး ဩဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၇)နှစ်အောက် T-20 ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့မအားကစားကွင်းတွင် ပြုလုပ်သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ခရစ်ကက်ဝါသနာရှင်များက ဗိုလ်လုပွဲစဉ်အဖြစ် အ.ထ.က(၁) အမျိုးသမီးအသင်းနှင့် အ.ထ.က(ခွဲ) ဒုံမေးခိုးအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ဗိုလ်လုပွဲစဉ်အဖြစ် အ.ထ.က(၁) အမျိုးသမီးအသင်းနှင့် အ.ထ.က(ခွဲ) ဒုံမေးခိုးအသင်း ယှဉ်ပြိုင်ကြရာ အ.ထ.က(ခွဲ) ဒုံမေးခိုး အမျိုးသမီးအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်နည်းပြ ဦးစိုင်းထက်ဝေက  မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် Level(1) Coaching သင်တန်းတက်ရောက်သည့် ဆရာ/ဆရာမ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က တတိယဆုရရှိသည့် အ.ထ.က(ခွဲ) ပေါင်လင်းအမျိုးသမီးအား ငွေသားစုကျပ်(၅)သောင်းနှင့် ဆုဖလားကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဒုတိယဆုရရှိသည့် အ.ထ.က(၁) အမျိုးသမီးအသင်းအား ငွေသားဆုကျပ်(၇)သောင်းနှင့် ဆုဖလားကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ပထမဆုရရှိသည့် အ.ထ.က(ခွဲ) ဒုံမေးခိုး အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၁)သိန်းနှင့် တံခွန်စိုက်ဖလားကိုလည်းကောင်း၊ ပေါင်လင်းအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့လွင်က တတိယဆုရရှိသည့် အ.ထ.က(စမ်းစုတ်) အမျိုးသားအသင်းအား ငွေသားဆုကျပ်(၅)သောင်းနှင့် ဆုဖလားကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က ဒုတိယဆုရရှိသည့် အ.ထ.က(နမ့်ခုတ်) အမျိုးသားအသင်းအား ငွေသားဆုကျပ်(၇)သောင်းနှင့် ဆုဖလားကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ပထမဆုရရှိသည့် အ.ထ.က(ခွဲ)ပေါင်လင်း အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၁)သိန်းနှင့် တံခွန်စိုက်ဖလားကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ခရစ်ကက်ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အသင်းပေါင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ(၁၂)ရက်နေ့မှ ဩဂုတ်လ(၁၇)ရက်နေ့ အထိကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)