ပြင်ဦးလွင် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကကြီးနှင့် အဖွဲ့ဝင်များမှ ပြင်ဦးလွင်မြို့၊ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ အင်သာကျေးရွာရှိ ပညာ၀တီ သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထွေထွေသမားတော်၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ မျက်မှန်အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ မျက်မှန်ကျွမ်းကျင်၊ ဓာတ်ခွဲကျွမ်းကျင်၊ အကြောအဆစ်ကျွမ်းကျင်နှင့် ဆေးဝါးကျွမ်းကျင်အဖွဲ့တို့မှ သီလရှင် ဆရာကြီး၊ ဆရာလေးများ၊ စုစုပေါင်း ( ၆၀) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ဆေးဝါးများ အခမဲ့ လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကကြီးဒေါ်မမနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များမှ ပညာ၀တီသီလရှင် စာသင်တိုက်ရှိ သီလရှင်ဆရာကြီး/ဆရာလေးအပါး(၆၀) အတွက် ဆန်၊ ဆီ၊ ကြက်ဥချောင်း၊ မုန့်မျိုးစုံ ၊ ခေါက်ဆွဲခြောက်နှင့်ကြက်ဥတို့အား တာဝန်ခံကျောင်းတိုက်ဆရာကြီးထံသို့ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ပါကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)