နောင်တရားမြို့၌ အာလူးနှင့် ချင်း နည်းပညာပေးသင်တန်း ပို့ချ

နောင်တရား ဩဂုတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် နောင်တရားအာလူးအစုအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် အာလူးနှင့် ချင်းနည်းပညာပေးသင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

နည်းပညာသင်တန်းပေးအခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခ (ငြိမ်း) ဆရာကြီး ဒေါက်တာမောင်မောင်မြင့်နှင့် ပါမောက္ခ(ငြိမ်း) ဆရာမကြီး ဒေါက်တာမာမာကြူတို့က မိတ်ဆက်စကားပြောသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်နှင့် ခရိုင်ဦးစီးမှူး ဦးသိန်းဝင်တို့မှ စိုက်ပျိုးရေးတောင်သူများအတွက် ပိုးမွားကာကွယ်ရေးဝတ်စုံများကို ပေးအပ်ခဲ့သည်။

အဆိုပါနည်းပြည်သင်တန်းကို ဒုတိယပါမောက္ခ (ငြိမ်း) ဆရာကြီးဒေါက်တာမောင်မောင်မြင့်က အာလူးနှင့်ချင်းများ၌ ဖြစ်ပွားနေသည့် ပင်ညိုးရောဂါများအကြောင်းကိုလည်းကောင်း၊ ပါမောက္ခ(ငြိမ်း) ဆရာမကြီးဒေါက်တာမာမာကြူက သီးနှံများ၌ ကျရောက်တက်သည့် ပိုးများရောဂါများအကြောင်းကိုလည်းကောင်း သင်တန်းပို့ချသည်။ သင်တန်းကို အာလူးစိုက်ပျိုးသည့်တောင်သူများနှင့် ချင်းစိုက်ပျိုးသည့်တောင်သူများ စုစုပေါင်း (၆၀)ဦး သင်တန်း တက်ရောက်ခဲ့လေ့လာကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)