နေပြည်တော် ဩဂုတ် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး ရေးသားသည့် “ဓမ္မိယလဒ္ဓ”ဆောင်းပါးနှင့် ဒေါက်တာမြတ်မိုး ရေးသားသည့် “အကြောင်းကောင်းခြင်းမှသည် အကျိုးကောင်းခြင်းအရည်အသွေးတစ်ခု” ဆောင်းပါးများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ ဆွေးနွေးပွဲသို့ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမေတင်ရီမ(ညောင်ဦး)၊ စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များ နှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမေတင်ရီမ (ညောင်ဦး) က အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ ဗကျော်(နေပြည်တော်)၊ ဆရာ ကဖိုးကျင်၊ ဆရာ စိုးတင့်(ဧရာဝတီ)၊ ဆရာ သဘာဝနှင့် ဆရာမ မေချို (ပျဉ်းမနား)တို့နှင့် နေပြည်တော်စာပေဝိုင်းနာယကအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် နေပြည်တော် စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး ရေးသားသည့် “ဓမ္မိယလဒ္ဓ”ဆောင်းပါးနှင့် ဒေါက်တာမြတ်မိုးရေးသားသည့် “အကြောင်းကောင်းခြင်းမှသည် အကျိုးကောင်းခြင်းအရည်အသွေးတစ်ခု” ဆောင်းပါးများဖြင့် မိမိတို့၏အတွေး၊ အမြင်၊ ရှုထောင့်အသီးသီးမှ သုံးသပ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် အမေတင်ရီမ (ညောင်ဦး)က စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု)အား ဂရုဏာ ထောက်ပံ့ကြေး ကျပ် ၁၀၀၀၀၀၊ စာရေးဆရာ အိုင်ပီမျိုးအောင်မှ နေပြည်တော်စာပေဝိုင်းအား အလှူငွေ ကျပ် ၁၀၀၀၀၀ ကို အမေတင်ရီမ(ညောင်ဦး)က လက်ခံရယူပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင် ကျင်းပမည့် လယ်ဝေးမြို့နယ်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် Golden Iron Zone Investment Group Co.,Ltd မှ Chairman အိုင်ပီမျိုးအောင်မှ အလှူငွေ ကျပ် ၃၀၀၀၀၀တို့အား ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)