အင်းစိန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာရည်ချွန် လူရည်မွန်” သီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူစာရင်းဝင် သိပ္ပံတွဲ(၆)ဦး၊ ဝိပ္ပံတွဲ(၂)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အမှတ်အများဆုံး သိပ္ပံတွဲ(၄)ဦး၊ ဝိပ္ပံတွဲ(၃)ဦးနှင့် ဝိဇ္ဇာတွဲ(၃)ဦး ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးတို့က ဆုတံဆိပ်များ၊ မှတ်တမ်းလွှာများနှင့် ချီးမြှင့်ငွေများကို ဂုဏ်ပြုချီးမြှင့်ကြသည်။
၎င်းနောက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးမြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံး (စာဖြေသူ ၁၀၀ ဦးအထက်) အထက်တန်းကျောင်း(၃)ကျောင်းနှင့် (စာဖြေသူ ၅၀ ဦးမှ ၉၉ ဦးကြား) အထက်တန်းကျောင်း (၃)ကျောင်း၊ (ဖြေဆိုသူဦးရေ ၂၀ ဦးမှ ၄၉ ဦးအထိ) အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၃)ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်မြင်သူများအနက် (၆)ဘာသာဂုဏ်ထူးရှင် (၅၇)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၅၃)ဦး ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ မှတ်တမ်းလွှာများနှင့် ချီးမြှင့်ငွေများကို ဂုဏ်ပြုချီးမြှင့်ကြသည်။
ဆက်လက်၍ (၄)ဘာသာ (၃၂၂)ဦး၊ (၃)ဘာသာ (၆၀၀)ဦး၊ (၂)ဘာသာ (၉၆၅)ဦးနှင့် (၁)ဘာသာ (၁၅၇၇)ဦး ဂုဏ်ထူးများရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အလိုက်ကိုယ်စားပြု ပြန်လည်ချီးမြှင့်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ခရိုင်ပညာရေးမှူးများထံ ဆုတံဆိပ်များ၊ မှတ်တမ်းလွှာများနှင့် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ထို့နောက် လမ်းမတော်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ဆီသို့” သီချင်းဖြင့်သီဆိုပြီး သီဆိုတင်ဆက်ကြသူများနှင့် အခမ်းအနားတွင် ဝိုင်းဝန်းဆောင်ရွက်ပေးသော ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးတို့က ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)