မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှု၊ ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင် ဩဂုတ် ၁၆

မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များကင်းရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်၊ ယင်၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အမှတ် (၆) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အရှေ့မျက်နှာစာနှင့် အဝင်လမ်းဘေးဝဲယာ ပတ်ဝန်းကျင်၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်၊ ရေမြောင်းများ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို မွန်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမတွင် ကျင်းပပြုလုပ်မည့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ ဦးစွာ ကရင်ရိုးရာအကအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့ပြီး မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းနာယက ဆရာတော်မှ ဩဝါဒဂါထာမြွက်ကြား၍  ပြည်နယ်ဝန်ကြီးချုပ်က ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ကရင်လူမျိုးတို့နှင့်အတူ ဘိုးစဉ် ဘောင်ဆက်ပါရှိလာသည့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ကရင်လူမျိုးတို့ရဲ့ ဘဝဓလေ့နှင့်ကိုက်ညီစစ်မှန်သည့် ကရင်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ ကရင်အမျိုးသားတို့၏ ယဉ်ကျေးမှုကိုမြတ်နိုးပြီး ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လိုသော အသိစိတ်ဓါတ်များ ကိန်းအောင်းရှင်သန်စေရန်နှင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ် ကြောင်း၊ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်း၌ ချည်ဖြူဖွဲ့ရာတွင် ဆန်ကော၊ ယောက်မ၊ ထမင်းဆုပ်၊ ကောက်ညှင်းဖင်ချွန်၊ ငှက်ပျောသီး၊ နတ်ပန်းညို၊ ကြံပိုင်း၊ ရေနှင့်ချည်ဖြူစသည့် အဓိကပစ္စည်း (၉) မျိုးပါဝင်တာကို သိရှိရပါကြောင်း၊ ကရင်လူမျိုးတို့၏ရိုးရာယဉ်ကျေးမှု ဖြစ်သောချည်ဖြူဖွဲ့မဂ်လာကရင်ရိုးရာဓလေ့ကို အစဉ်အလာမပျက်ဆက်လက် ထိန်းသိမ်းကြေစလိုကြောင်း  အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် အလှူငွေကျပ်သိန်း (၂၀၀) အား ပေးအပ်လှူဒါန်းခဲ့ရာကရင်စာပေနှင့်ယဥ်ကျေးမှုအသင်း တာဝန်ရှိသူကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲဖြစ်ပေါ်လာပုံကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင်ပါဝင်သော ပစ္စည်း(၇)မျိုး၏ အဓိပ္ပါယ်အား မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောအောင်ကျော်သိန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများမှ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် (ကရင်ရိုးရာဝါခေါင်လလက်ချည်ပွဲ) တွင် ကွဲကွာနေသည့် မိသားစုဝင်များ၊ မောင်နှမများ၊ ဆွေမျိုးများပြန်လည်ဆုံတွေ့ကာ အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေးအတွက်နှင့် လူကြီးသူမများမှ လူငယ်လူရွယ်များအား ဆုံးမစကားပြောကြားနိုင်ရေးအတွက် အဓိကရည်ရွယ်ပြီးကျင်းပပြုလုပ်ကြခြင်းဖြစ်ကြောင်းနှင့် ချည်ဖြူဖွဲ့ခြင်းဆိုသည်မှာ လက်ကိုချည်ဖြူဖြင့် ဖွဲ့နှောင်ရစ်ပတ်ချည်နှောင်ကြခြင်းဖြစ်ကြောင်း  သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလမဟာထေရ်မြတ်၏ သက်တော် (၆၇)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားသို့တက်ရောက်၍ ဆရာတော်အရှင်သူမြတ်အား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)