မော်လမြိုင် ဩဂုတ် ၁၆
မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်း (၁၀) မျိုးအတတ်ပညာကို ယဉ်ကျေးမှု အမွေတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှာက် လက်ဆင့်ကမ်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ ကျုံဖိုက်တံတားအနီးရှိ သိန်းသန်းမြန်မာမှု (ပန်းပုလုပ်ငန်း) သို့ရောက်ရှိပြီး အဆိုပါ ပန်းပုလုပ်ငန်းတွင် သစ်သားဖြင့်၊ ဗုဒ္ဓရုပ်ပွား တော်မြတ်များ၊ ဇတ်နိပါတ် ရုပ်လုံးရုပ်ကြွများ၊ အသုံးအဆောင် ပန်းပုလက်မှု ပစ္စည်းများ ထုဆစ်လုပ်ကိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတတ်ပညာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး နောင်လာနောက်သားအထိ လက်ဆင့်ကမ်းအမွေပေးနိုင်ရေး အစဉ်တစိုက် ဆောင်ရွက်ပေးသွားကြရန်၊ ပန်း (၁၀) မျိုးအတတ်ပညာဖြစ်သော မြန်မာ့မှုပန်းပုလုပ်ငန်း ရေရှည် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်ဖြင့် မှာကြားကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုထားသော ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံမှု လုပ်ငန်းဖြစ်သည့် MOS LUMBER PRODUCTS COMPANY LIMITED သို့ သွားရောက်ပြီး ဦးစွာ ရှင်းလင်းဆောင်တွင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စက်ရုံ ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးမှု အများဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ရော်ဘာထုတ်ကုန်များအား ပြည်ပအထိ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သွားကြရန်၊ ပြည်ပအစားထိုးသွင်းကုန်များအား အတတ်နိုင်ဆုံး လျော့ချ၍ ပြည်တွင်းဖြစ် ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက် ထုတ်လုပ်ကြရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရန် သစ်အခြေပြုအသေးစား လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း (value added) ရော်ဘာသစ်မှ (end product) မီးဖိုချောင်သုံးပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ နိုင်ငံခြားသွင်းကုန် အစားထိုးထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကာ စက်ရုံအတွင်း ရော်ဘာသစ်ခွဲသားဆိုဒ်စုံ ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးမြချယ် ရော်ဘာသစ်သား ထွက်ကုန်များကို ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ပြီး ရာဘာသစ်ခွဲ သားစက်ရုံလည်ပတ်မှုအတွက် မွန်ပြည်နယ်အတွင်း ကုန်ကြမ်းရရှိစေရေး၊လျှပ်စစ်မီးရရှိမှု အခြေအနေနှင့် ရော်ဘာပင်အိုများအား ခုတ်လှဲပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားလုပ်ငန်းများ ထုတ်လုပ်စေရေးတို့ကိုမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်အသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုခဲ့ကြပြီး အသက်(၂၅)နှစ်အောက် အောင်နိုင်ရေးအတွက် အမျိုးသားဖူဆယ် အသင်း ပြင်ဆင်ထားရှိမှုနှင့် လေ့ကျင့် သင်ကြားပေးမှုအား နည်းပြချုပ်မှရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခမ်းအနားတွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဖူဆယ်အသင်း အောင်နိုင်ရေးအတွက် မွန်ပြည်နယ် ပြည်သူလူထုကိုယ်စား စိတ်ဓါတ် ခွန်အားများပေးလိုက်ခြင်းဖြစ်ပြီး အဖက်ဖက်က လိုလေသေးမရှိအောင် ပံ့ပိုးချီးမြှင့်ကာ အနိုင်ရရှိတဲ့ ပြိုင်ပွဲတိုင်းလည်း ဂုဏ်ပြုငွေများ ထပ်မံချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်အသင်းကို အဖက်ဖက်မှ ပံ့ပိုးကူညီအားပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် အားကစားသမားများကလည်း ပြည်နယ်ဂုဏ် မြှင့်တင်နိုင်ရေးဆိုသည့် သိန္ဓိဌာန်ဖြင့် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ် အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ရပ်မိရပ်ဖအလှူရှင်များက ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်အသင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)