ဆိပ်ကြီးခနောင်တို သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမူ၊ သားကောင်းမိခင်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်းက အာဟာရရက်သတ္တပတ် အခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်၊ မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းနှင့် မိခင်နို့၏ အာဟာရတန်ဖိုးများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်က သားကောင်းမိခင်ပြိုင်ပွဲတွင် ရွေးချယ်အမှတ်ပေးမည့် သတ်မှတ်စည်းမျဥ်း စည်းကမ်းများ၊ အမှတ်ပေးပုံစံများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ သူနာပြုဆရာမများက ပြိုင်ပွဲဝင်မိခင်နှင့် ကလေးများအား ပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေ၊ ကျန်းမာရေးအခြေအနေ၊ ကလေးဥာဏ်ရည်ဖွံ့ဖြိုးမှု၊ မိခင်နို့တိုက်ကျွေးမှုပုံစံတို့ကို မေးမြန်း၍ သတ်မှတ်စည်းကမ်းနှင့်အညီ အမှတ်ပေးကြသည်။
ယင်းနောက် မြို့နယ်ဆရာဝန်ကြီးနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကလေးငယ်များနှင့် မိခင်များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲကြပြီး၊ ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်း၊ ကြက်ဥ၊ ငှက်ပျောသီးနှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)