မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်အတွင်း ကွင်းဆင်းကြည့်ရှု

မော်လမြိုင် ဩဂုတ် ၁၆

မော်လမြိုင်မြို့၊ ကျောက်မီးသွေးရုံလမ်းနှင့် ကမ်းနားလမ်းကြားတွင်ရှိသည့် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရတနာထွန်းငါးဈေးမှာ မြို့၏အဓိကလမ်းမကြီးဖြစ်သည့် ကမ်းနားလမ်းအဆုံးတွင်တည်ရှိပြီး အနံ့အသက်များထွက်ခြင်း၊ ရေသုံးစွဲမှုများပြားခြင်းကြောင့် လမ်းများပေါက်ပြဲပျက်စီးလာသည့်အတွက် ဇွန်လ ၂၀ ရက်မှစတင်ကာ မုပွန်တိုးချဲ့အိမ်ရာကွက် အဆင့်မြင့်ငါးစျေးသစ်သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက သားငါးဈေးတန်းများတွင် ဈေးသူ၊ ဈေးသားများ လွတ်လပ်အေးချမ်းစွာ ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများကြုံတွေ့ရခြင်း၊ လူနေရပ်ကွက်နှင့်နီးစပ်ခြင်း၊ အမှိုက်နှင့်အနံ့အသက်ဆိုးများ ကင်းဝေးစေရန်အတွက် ယခုနေရာတွင် အဆင့်မြင့်ငါးစျေးသစ် တည်ဆောက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မော်လမြိုင်ငါးဈေးသစ်ကြီးအတွင်း ငါးရောင်းချရာမှာ မရှိမဖြစ်လိုအပ်သည့်  ရေခဲစက်နှင့်ငါးများ သိုလှောင်ထားရှိရန် အအေးခန်းစက်ရုံ တည်ဆောက်လာပါက အဆင့်မြင့်ငါးဈေးသစ်ကြီး လုပ်ငန်းလည်ပတ်မှုမှာ မြန်ဆန်လွယ်ကူလာမှာဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မှာကြားပြီး ဈေးသူ၊ ဈေးသားများ၏ တင်ပြချက်များ‌အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)