သုံးခွ သြဂုတ် ၁၆
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်းနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ရှမ်းစုကျေးရွာ အ.ထ.က(ခွဲ) ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးလှမျိုးထွန်းက အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားရာတွင် “လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောစွမ်းရည်မြင့်မားလာပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ ပြိုင်ပွဲတိုင်းပါဝင်ယှဥ်ပြိုင်သည့် အလေ့အကျင့်များရရှိစေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်း ကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက (မော်နီရိတ်တာ) အဖြစ် စေ့ဆပ်ညှိနှိုင်း ဦးဆောင်ခဲ့ပြီး ရှမ်းစုကျေးရွာ အ.ထ.က(ခွဲ) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများဖြစ်သည့် G-9 ကျောင်းသူ မနွေဦးမေက လူငယ်နှင့်စာပေ၊ G11 ကျောင်းသူ မမြတ်မွန်လှိုင်က လူငယ်နှင့်ပညာရေး ၊ G-10 ကျောင်းသား မောင်ဉာဏ်ထွန်းအောင်က လူငယ်နှင့်အားကစား၊ G-11 ကျောင်းသား မောင်ဟိန်းလင်းဇော်က လူငယ်နှင့်မူးယစ်ဆေးစသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ဆွေးနွေး ခဲ့ကြသည်။
ထို့နောက်လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးခဲ့သည့်ခေါင်းစဥ်များအလိုက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောဗဟုသုတရဖွယ် သုတ၊ရသစာအုပ်များနှင့်အသိပညာပေး နံရံကပ်စာစောင်များအား ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် ဂိမ်းကစားပြိုင်ပွဲ များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)