ဇမ္ဗူသီရိ ဩဂုတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ် Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက အဖွင့်အမှာစကားပြောကြား ရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင် များစွာပေါ်ထွန်းလာစေရန်ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာကြီး ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ အသိပညာဗဟုသုတ မေးခွန်းများမေးမြန်း၍ ပြန်လည် ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းတင့်မှ ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာ ကိုရွှေအောင်သင်းအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါဟောပြောပွဲအပြီးတွင်ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နီလာ(ပြန်/ဆက်)