ဥတ္တရ ဩဂုတ် ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)၌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာ အဆောက်အဦများအစား ပြန်လည်ဆောက်လုပ်ရန်အတွက် ဧရာဝတီဘဏ်နှင့် မက်(စ်)မြန်မာကုမ္ပဏီတို့မှ လှူဒါန်းဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်သော ပန္နက်တင်မင်္ဂလာအခမ်းအနားကို တက်ရောက်သည်။
ဦးစွာ အခမ်းအနားမှူးမှ မင်္ဂလာအခါတော် စာတမ်းအားဖတ်ကြားပြီး မင်္ဂလာအချိန်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဗဟိုပန္နက်တော်ဌာနတွင် ရတနာပန္နက်တော်ကို လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသော ပန္နက်တော်ဌာနများတွင် ရတနာပန္နက်တော်များကိုလည်းကောင်း စိုက်ထူပေးကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကာ ထုံးတမ်းအစဉ်အလာများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာသို့သွားရောက်ပြီး တောင်သူများနှင့်တွေ့ဆုံပွဲကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်း သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာ လယ်ယာမြေများအား ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်လမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရေး၊ ကြဲပက်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးစေရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အောင်နိုင်တိုးမျိုးစပါးကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များမှ သွင်းအားစုများကိုလည်းကောင်း တောင်သူများထံပေးအပ်ကြပြီး တက်ရောက်လာကြသော တောင်သူများမှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပင်လောင်းလမ်းဘေးရှိ တောင်သူ ဦးကျော်ညွှန့်ရွှေ၏ လယ် ၅ ဧကတွင် ရေဆင်းပေါ်ဆန်းစပါးမျိုးကို ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုများနှင့် နှမ်းရိုး၊ မြေပဲရိုးတို့ဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်း သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့သွားရောက်ပြီး ပင်လောင်းလမ်းဆုံနှင့် အိုင်စောက် ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်နေမှုနှင့် မပိုက်ကယ်ရိုး ပြန်လည်တူးဖော်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေမြောင်းများအား သတ်မှတ်အတိုင်းအတာအတိုင်းစနစ်တကျတူးဖော်ရေးတို့ကို မှာကြားသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော နေပြည်တော်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ငလျင်ဘေးပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေး၊ ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ စာရွက်စာတမ်းများ၊ သတင်းအချက် အလတ်များကို ပေါက်ကြားမှုမရှိစေရန် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရေး၊ သဘာဝဘေးများ ကြိုတင်ကာကွယ်ရေးအတွက် လူ၊ စက်၊ ယာဉ်၊ ယန္တရားများကို စနစ်တကျ ကြိုတင်စုဖွဲ့ ပြင်ဆင်ထားရေးနှင့် ဇတ်တိုက်လေ့ကျင့်မှုများ အမြဲမပြတ်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးတွင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများအား ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် အသားတိုးနွား၊ ဒေသနွား၊ ဆိတ်၊ ငါးနှင့် ဥစားကြက်၊ ဥစားဘဲများ တိုးချဲ့မွေးမြူနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ပြီး တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှု မရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခွန်ရငွေများ တိုးတက်ရရှိနိုင်ရေး၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြေစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ လမ်းဘေးဝဲယာများတွင် အရိပ်ရလေကာပင်များစိုက်ပျိုးရေးနှင့် လမ်းပခုံးများ စနစ်တကျ ဆောင်ရွက်ရေး၊ မြို့၊ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင်ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲစာရင်းများမှန်ကန်တိကျစွာ ပြုစုဆောင်ရွက်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးနှင့် တန်းစဥ်ကူးပြောင်းမှု မြင့်မားစေရေး၊ မိုးရာသီတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ အမြဲမပြတ်ဆောင်ရွက်ရေး၊ နေပြည်တော်အား Clean City၊ Green City၊ Smart City ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများမှ မိမိတို့၏လုပ်ငန်း တာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)