လယ်ဝေး ဩဂုတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား စာပေဖတ်ရှုခြင်းမှ ဗဟုသုတနှင့် အသိပညာများတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားရာတွင် စာပေဖတ်ရှုခြင်းသည် အသိပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ဘဝအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အွန်လိုင်းအချက်အလက်များ ဆိုရှယ်မီဒီယာတို့၏ စွဲဆောင်မှုကြောင့် လူငယ်အများစု၏ စာပေဖတ်ရှုနှုန်းကျဆင်းလျက်ရှိကြောင်း၊ စာဖတ်ခြင်းသည် လူသားတို့၏ အတွေးအခေါ်နှင့် လူမှုအဆင့်အတန်းကို မြှင့်တင်ပေးသော သော့ချက်ဖြစ်သောကြောင့် စာအုပ်၊ စာပေများဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် စာရေးဆရာ ကိုရွှေအောင်သင်းမှ “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။
ထို့နောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းတာဝန်ခံက ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက စာရေးဆရာ ကိုရွှေအောင်သင်းအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ကြသည်။ အခမ်းအနားအပြီးတွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇမ္ဗူသီရိမြို့နယ်၊ Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် စာရေးဆရာ ကိုရွှေအောင်သင်းမှ “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ထို့နောက် Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာ ကိုရွှေအောင်သင်းအား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ကြသည်။ အခမ်းအနားအပြီးတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)