မန္တလေးမြို့ ကျုံးဘေးတွင် လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ရန် ကာလာကြိုးများ တားခြင်းနှင့် မေတ္တာရပ်ခံချက် ဗီနိုင်းများ ချိတ်ဆွဲအသိပေးခြင်းများဆောင်ရွက်

မန္တလေး ဒီဇင်ဘာ ၂၀

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကျုံးဘေးတွင် လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ဓာတ်ပုံ ရိုက်ခြင်းများ မပြုလုပ်ရန် ကာလာကြိုးများ တားခြင်းနှင့် မေတ္တာရပ်ခံချက် ဗီနိုင်းများ ချိတ်ဆွဲ အသိပေးခြင်းများကို ယမန်နေ့ ညနေ ၆ နာရီက စတင်၍ မြောက်ဘက်ကျုံးဘေး ၁၂ လမ်း တစ်လျှောက်နှင့် အရှေ့ဘက်ကျုံးဘေး ၆၆ လမ်းတစ်လျှောက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျုံးဘေးတွင် လူစုလူဝေးများ မဖြစ်ပေါ်စေ ရေးတို့အတွက် ရည်ရွယ်လျက် ကာလာကြိုးများ တားဆီးခြင်းနှင့် ၂ ပေ ၁ ပေဆိုက်ရှိ မေတ္တာရပ်ခံချက် ဗီနိုင်းအခု‌ရေ(၄၀)တို့ကို အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမြို့ဆောင် ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)