တိုက်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

တိုက်ကြီး ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ၄၅ ရက်ကြာဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၅)သင်တန်းဆင်းပွဲကိုယမန်နေ့နံနက် ၉ နာရီကအိုင်ကလောင်စံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးလှမျိုးအောင်က ကျေးလက်နေအမျိုးသမီးများ တစ်ဖက်တစ်လမ်းမှမိသားစုဝင်ငွေတိုးပွားစေရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို ကျေးရွာများအရောက်ဖွင့်လှစ်ပေးလျက်ရှိကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာရွှေက အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ဦးစီးမှူးဦးလှမျိုးအောင်က သင်တန်းတွင်ထူးချွန်ဆုရရှိသူတစ်ဦးအားဆုချီးမြှင့်ပြီး မြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာရွှေကသင်တန်းသူများအားထောက်ပံ့ပစ္စည်းများပေးအပ်ကာ သင်တန်းသူများချုပ်လုပ်ခဲ့သောကျောင်းဝတ်စုံများကို သက်ဆိုင်ရာကျောင်းအုပ်ကြီးထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)