တာချီလိတ် ဩဂုတ် ၁၆
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. MaJia ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)ရှိ တာ့ဟွာ တရုတ်ဘုံကျောင်းနှင့် စာသင်ကျောင်းအတွက် အလှူငွေနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia နှင့် အဖွဲ့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ တာ့ဟွာတရုတ်ဘုံကျောင်းဥက္ကဋ္ဌ ဦးအားတီနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ကျောင်းဝင်းအတွင်းရှိ စာသင်ခန်းများအတွင်း တရုတ်စာသင်ကြားမှုအခြေအနေများ၊ တာ့ဟွာတရုတ် ဘုံကျောင်းဖြစ်တည်လာမှု သမိုင်းမှတ်တမ်း ပြသထားမှုများကို လှည့်လည်ကြည့်ရှုကာ ဘုံကျောင်း၏ အထူးဧည့်သည်တော် မှတ်တမ်းတွင် သံအမတ်ကြီးက လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် တာ့ဟွာဘုံကျောင်း၏ ဧည့်ခန်းမဆောင်၌ သံအမတ်ကြီး H.E Ms. Ma Jia က ကျောင်းကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်တော်များအား တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောပိုးအိတ်အလုံး ၃၀၀၊ ဆရာ/မများသုံး လက်စွဲအိတ်အလုံး ၂၀၀၊ ကျောင်းအတွက် ကွန်ပျူတာ အလုံး ၂၀ နှင့် ဘုံကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တာ့ဟွာတရုတ်ဘုံကျောင်းဥက္ကဋ္ဌ ဦးအားတီက ဘုံကျောင်းအတွက်အလှူငွေနှင့် ကျောင်းသုံးပစ္စည်းများ လာရောက်ပေးအပ် လှူဒါန်းသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သံအမတ်ကြီးနှင့် အဖွဲ့ဝင်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)