မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်း၌ ကျောင်းတွင်းလက်မှုပညာပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း သြဂုတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းလက်မှုပညာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ပန်းအိုးအလှထိုးခြင်း၊ ချည်ထိုးပန်းထိုးခြင်း၊ ပန်းကြယ်သီးထိုးခြင်း၊ သိုးမွှေးထိုးခြင်း၊ ဖျာယက်လုပ်ခြင်း၊ ရွံ့အိမ်ဆောက်ခြင်း၊ လက်ယက်ခြင်း တောင်းပြုလုပ်ခြင်း၊ နံရံကပ်စက္ကူဖြင့် အလှဆင်ခြင်း၊ ဖုန်သုတ်တံပြုလုပ်ခြင်းနှင့် ရောင်စုံစက္ကူ ပန်းအိုး/ပန်းခြင်း ပြုလုပ်ခြင်း စသည့်လက်မှုပညာလုပ်ငန်းများကို ပါဝင်ယှဉ်ပြိုင်ကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမတို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းလက်မှုပညာပြိုင်ပွဲဆောင်ရွက်နိုင်ရေးအတွက် အ.ထ.ကကျောင်းမှ ဆရာ၊ ဆရာမနည်းပြများက သင်ကြားပြသပေးခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားစုံညီပွဲတော်ကျင်းပချိန်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးအထကကျောင်းမှ သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)