ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားတက်ရောက်

စစ်တွေ ဩဂုတ်  ၁၅

၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်အနက် တတိယဦးတည်ချက်ဖြစ်သည့် “နိုင်ငံတော်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရန်ဆိုသည်မှာ ပြည်သူအားလုံးအာဟာရပြည့်ဝမျှတရန်က အဓိကအခြေခံအကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း၊ ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ပညာထူးချွန်ရန်၊ နိုင်ငံ့ဝန်ထမ်းများလက်ရုံးရည်၊ နှလုံးရည်ပြည့်ဝစွာ နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်ရန်၊ ကိုယ်ခံအားကောင်းပြီး ကူးစက်ရောဂါပိုးများ ဝင်ရောက်မှုမှ ကာကွယ်တားဆီးနိုင်ရန်နှင့် ရောဂါဖြစ်ပွားလာလျှင်လည်း အင်အားကို အမြန်ပြန်လည်ဖြည့်တင်းပြီး နေကောင်းကျန်းမာစေရေးတို့အတွက် မျှတလုံလောက်သော အစားအစာကို အပြည့်အဝစားသုံးနိုင်ရန် များစွာလိုအပ်လှကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများတွင် ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစားပါဝင်လာခြင်းဖြင့် အာဟာရပြည့်ဝကျန်းမာအောင် စီမံစားသုံးတတ်စေသည့် အသိပညာ၊ အမူအကျင့်ကောင်းများ ပြည်သူလူထုအတွင်း ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမည်ဖြစ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့်အာဟာရအခြေအနေ ပိုမိုကောင်းမွန်မြင့်မားလာစေရန်အတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်းနှင့် ပြည်သူအားလုံး ဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတအောင် နေထိုင်စားသောက်တတ်ပြီး အနာရောဂါ ကင်းရှင်းရန်၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် မိခင်နှင့်ကလေးသေနှုန်းများ ကျဆင်းစေရန်၊ အာဟာရပြည့်ဝပြီး ကာယနှင့်ဉာဏဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် ကလေးများ၏ အနာဂတ်တွင် ကျန်းမာဖွံ့ဖြိုးသာယာစေရန်အတွက် အခြေခံကျပြီး အရေးပါသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော ကလေးများ အနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှ အစပြုပြီး  အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်းလုပ်ငန်းများ ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အဖြစ် “ကိုယ်ဝန်ဆောင်ကာလ အာဟာရ ပြည့်ပြည့်ဝဝ စားကြစို့” ဗီဒီယိုမှတ်တမ်းအား ပြသသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အသက် (၅) နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးတိုက်ကျွေးကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြကာ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများနှင့် အာဟာရပြည့်အစားအစာများအား ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက “အာဟာရပြည့်ဝကျန်းမာဖို့ အစာမျိုးစုံအောင် စားကြစို့” ဆောင်ပုဒ်နှင့်အညီ အာဟာရပြည့်ဝသည့် အစားအစာများအကြောင်း ရှင်းလင်းပြသမှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ ပြခန်းအားလှည့်လည်ကြည့်ရှုကြကာ ကျောင်းသား၊ ကျောင်းသူလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များက အာဟာရအသိပညာဗဟုသုတ ဉာဏ်စမ်းပဟေဠိ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)