ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး (၂၀) ကြိမ်မြောက် စေတနာသွေးသန့်သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်

မြစ်ကြီးနား သြဂုတ် ၁၅

ကချင်ပြည်နယ် စေတနာသွေးသန့်သွေးလှူရှင်များအသင်း၏ (၂၀) ကြိမ်မြောက် စေတနာသွေးသန့်သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်ဌာနတွင် ယနေ့နံနက် ၉ နာရီခွဲကကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း၊ ဆေးရုံအုပ်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်စေတနာသွေးသန့်သွေးလှူရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိများက ကျန်းမာရေးဝန်ထမ်းများ၏အကူအညီဖြင့် သွေးဖောက်ထုတ်လှူဒါန်းပေးနေကြသောစေတနာသွေးသန့် သွေးလှူရှင်များအား ကြက်ဥ၊ အာဟာရမှုန့်နှင့် အားဖြည့်အချိုရည်များ လိုက်လံပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည့် ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအတွက် ငွေကျပ် (၅) သိန်းနှင့် ပြည်နယ်စေတနာသွေးသန့်သွေးလှူရှင်များအသင်းအတွက် ငွေကျပ် (၅) သိန်းကို လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)