နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးသီးနှံများအတွက် သဘာဝမြေဆွေးပြုလုပ်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

လယ်ဝေး ဩဂုတ် ၁၅

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုများနှင့် သဘာဝမြေဆွေးပြုလုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ထိုက်၊ လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ ကော်မတီဝင်ဦးဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ  တာဝန်ရှိသူများ လိုက်ပါလျက် တလုပ်ပင်ကျေးရွာ၊ ကွင်းအမှတ် ၁၈၄၇၊ တောင်သူဦးမျိုးမင်းထွန်း၏ အောင်နိုင်တိုး ၁၀ ဧက မျိုးစပါး၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ပေတုန်းမျှောင်၊ တလုပ်ပင်၊ ရှမ်းစုကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သီးနှံများစတင် စိုက်ပျိုးသည် အခြေကျပြီး အရေးကြီးသည့် လုပ်ငန်းဖြစ်ပြီး စနစ်တကျ ဆောင်ရွက်ပါက သီးနှံများအထွက်နှုန်းတိုးမည်ဖြစ်ကြောင်း၊ မြေပြင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပြီးလျှင် ရာသီပြည့်ဆက်လက်စိုက်ပျိုးမည့်သီးနှံများလည်း အထွက်နှုန်းကောင်းမွန်ကာ စိုက်ပျိုးသူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒေသခံတောင်သူများမှ သိလိုသည်များမေးမြန်းရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်း‌‌ပေးခဲ့ပြီး ဒေသခံတောင်သူများအား အောင်နိုင်တိုးမျိုး စပါးများ၊ မျိုး‌စေ့ချကိရိယာများနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ရေအိုးစဉ်ကျေးရွာ၊ ဘက်စုံသုံးခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဆွေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)