ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဥတ္တရသီရိ ဩဂုတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းတွင်  ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားရာတွင်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတ ပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာကြီး ကိုရွှေအောင်သင်းမှ “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ အသိပညာဗဟုသုတမေးခွန်းများမေးမြန်း၍ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းဌေးနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး  ‌ဒေါ်နန်းနွန်ခမ်းတို့မှ ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ဥတ္တရခရိုင်နှင့် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ ရသ စာအုပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)