နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(၅ရပ်ကွက်)တွင် လူရည်ချွန်မောင်မယ်များနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

နမ့်စန်() ဩဂုတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၅ရပ်ကွက်)မှ ၂၀၂၄-၂၅ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ (၅)ရပ်ကွက် ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက မြို့လယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နာရီစင်အနီးမှစတင်၍ အ.ထ.က-ခွဲ(၅ရပ်ကွက်)အထိ ပန်းစည်း၊ ပန်းကုံးများဖြင့် စုပေါင်းဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ နံနက် ၉ နာရီတွင် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမတွင် ကျင်းပခဲ့ရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် လူရည်ချွန်မောင်မယ်များဖြစ်ကြသည့် အ.ထ.က-ခွဲ(၅ရပ်ကွက်) Grade-12 မှ မောင်ပြည့်ဖြိုးအောင်၊ Grade-11 မှ မောင်ဇွဲညီအောင်နှင့် Grade-12 မှ မမေမီကျော်တို့ကို ခရိုင်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းအေးချမ်းမောင်မောင်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အ.ထ.က-ခွဲ(၅ရပ်ကွက်)ကျောင်းမှ အောင်မြင်ခဲ့သော ဇီဝဗေဒဘာသာဂုဏ်ထူးရှင် ၂ ဦးအပါအဝင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈ ဦးကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး လူရည်ချွန်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။       

သူရအောင်(နမ့်စန်)