နေပြည်တော် ဩဂုတ် ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင်ပါဝင်သည့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ရာမှာ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ပေါ်ထွန်းလာရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးကို အဓိကထားဆောင်ရွက်ကြရန်လိုကြောင်း၊ ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်နှင့် ပြည်သူအားလုံး ကိုယ်ခံအားကောင်းပြီး ရောဂါဘယများ ကာကွယ်တားစည်းနိုင်ရေးအတွက် လုံလောက်မျှတသည့် အစားအစာကို အပြည့်အဝစားသုံးရန်လိုအပ်ပါကြောင်း၊ ၂၀၀၉ ခုနှစ်မှ စတင်ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများကို ဩဂုတ်လ တစ်လလုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကွင်းဆက်လုပ်ငန်းကြီးဖြစ်ပြီး အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ် ဟူ၍ သတ်မှတ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အနာဂတ်၏သားကောင်းရတနာများဖြစ်သည့် ကျောင်းသားလူငယ်များအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအစာများ ရွေးချယ်စားသုံးတတ်ရန် ပညာပေးခြင်း၊ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း၊ သံဓာတ်ကြွယ်ဝသည့် အစားအစာများ စားသုံးရန် ပညာပေးခြင်း၊ သံဓာတ်အားဆေးများဖြန့်ဝေပေးခြင်းများကို ယခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သည့် "လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေး မြှင့်တင်စို့" ဆိုသည့်အတိုင်း ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို ဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူအားလုံး အာဟာရပြည့်ဝပြီး အနာရောဂါကင်းရှင်းရေး၊ မိခင်နှင့်ကလေးသေနှုန်းများ ကျဆင်းစေရေး၊ အာဟာရပြည့်ဝပြီး ကာယနှင့် ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် ကလေးများ၏ အနာဂတ်ကျန်းမာဖွံ့ဖြိုး သာယာစေရေးအတွက် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် " ကလေးများအနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြုပ်နှံကြပါစို့" ဆိုသည့်ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ရင်း အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်အဆင့် စံပြမိခင်ပြိုင်ပွဲတွင် ဆုရရှိသူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် တာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ် Video Clip ကို ပြသသည်။ ဆက်လက်၍ လူမှုဝန်ထမ်းမှ မူကြိုကလေးငယ်လေးများက ကပြဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ၂၀၂၅ခုနှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် Video Clip ကို ပြသသည်။ ယင်းနောက် အသက် ငါးနှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေ တိုက်ကျွေးခြင်းဆောင်ရွက်ကြပြီး ကိုယ်ဝန်ဆောင်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ပေးအပ်ကြသည်။ ထို့နောက် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် အစာအုပ်စုအလိုက် ခွဲခြားပြသထားမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/ သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ မြိုတော်ဝန် ဦးသန်းထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)