ပင်လုံမြို့၌ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပင်လုံ သြဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အခြေခံပညာမူလတန်းလွန်ကျောင်း(ကျူရုံးကျေး)၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာအကြောင်းအရာများ၊ မီးခိုး​မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာအကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အတာစိုးနှင့် အငယ်တန်းစာရေး ဒေါ်ခင်ခန့်ခန့်ချောတို့က ကျောင်းသား/ကျောင်းသူလေးများအား ငယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ပုံပြင်စာအုပ်များ ဖတ်ပြပြီး ကလေးများက အတူတကွ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့​​နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ မီးခိုးမြူငွေ့အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနံရံကပ်စာစောင်များ၊ ရှောင်လေဝေးဝေးမူးယစ်ဆေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ကျောင်းသားလူငယ်များအနေဖြင့် ပလတ်စတစ်သုံးစွဲခြင်း၏ ဆိုးကျိူးများ၊ ပလတ်စတစ်သုံးစွဲမှုလျော့နည်းအောင် ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ ကျန်းမာရေးဆိုင်ရာပြဿနာများကို သိရှိစေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဘေးအန္တရာယ်များကျရောက်ပါက ပြုလုပ်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုသိရှိစေသော အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ကျောင်းသား/ ကျောင်းသူလေးများထံမှ သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)