မက်မန်းမြို့တွင် ရာဂီမုန်တိုင်းကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မက်မန်း ဩဂုတ် ၁၅

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်းကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့က မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မက်မန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် မိုးစပါး ၁၃ ဧကအတွက် အစားထိုးစိုက်ပျိုးမည့် မျိုးစေ့နှင့် သွင်းအားစုများ ပြန်လည်ထည့်သွင်းနိုင်ရန် ထောက်ပံ့ငွေ ၁ ဧကလျှင် ၁ သိန်းကျပ်နှုန်းဖြင့် ၁၃ ဧကအတွက် ၁၃ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများမှ မိုးစပါးပျက်စီးမှုဖြစ်ပွားခဲ့သည့် ဒေသခံတောင်သူ ၇ ဦးကို ပျက်စီးမှုဧကအလိုက် စနစ်တကျ ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)