တပ်ကုန်း ဩဂုတ် ၁၅
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အရိပ်ရသစ်ပင်စိုက်ပျိုးမှု၊ စာကြည့်တိုက်များ၊ ခရီးသွားဖော်ဆောင်ရေးကြည့်ရှုခဲ့ရာ တပ်ကုန်း -ဥတ္တရသီရိမြို့နှင့်ဆက်သွယ်ထားသော ကွန်ကရစ်လမ်းဘေး၌ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်စိုက်ပျိုးသည့် အရိပ်ရ ကုက္ကိုပင် ၅၀ ပင် စိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူများအနေဖြင့် ဌာနမှစိုက်ပျိုးထားသည့် အပင်များရှင်သန်ဖြစ်ထွန်းအောင် မိမိအပင်များသကဲ့သို့ ပါဝင်ကူညီစောင့်ရှောက်ပေးရေး၊ မိမိလယ်ယာမြေများကို တန်ဖိုးထားလုပ်ကိုင်ဆောင်ရွက်ရေး၊ ထွက်ရှိလာသည့် သီးနှံကုန်ကြမ်းများမှ ကုန်ချောအဖြစ်ရောင်းချနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးကြရေး၊ ကြဲပက်စနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေး၊ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ ဆည်ရေများ အကျိုးရှိရှိသုံးစွဲရေး ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မကျီးပင်ကျေးရွာ “ရောင်ခြည်ဦး” စာကြည့်တိုက်၊ ပင်သောင်ကျေးရွာ “လူထုဗဟိုပြုစီမံကိန်း” စာကြည့်တိုက်များသို့ရောက်ရှိ၍ စာကြည့်တိုက်အဆောက်အဦများအား ကြည့်ရှုစစ်ဆေးပြီးနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအားတွေ့ဆုံ၍ စာကြည့်တိုက်အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စာအုပ်စာစောင်များအသစ်တိုးပွားရေး၊ စာကြည့်တိုက်များတွင် သစ်ပင်၊ သစ်တောကာကွယ်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးစာအုပ်များ စုံလင်စွာထားရှိပြီး ပြည်သူများကျယ်ပြန့်စွာ ဖတ်ရှုလေ့လာစေရေး ဆွေးနွေးမှာကြားပြီး သုတရသစာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ အုန်းပင်ကျေးရွာ၊ ရှေးဟောင်းသားခိုတောင်တော်မြတ်သို့ရောက်ရှိ၍ ဒေသဖွံ့ဖြိုးစေရန် ခရီးသွားနေရာဖော်ဆောင်ရေးအတွက် မုခ်ဦးအဝင်မှ လမ်းတစ်လျှောက်တွင် မဟာလှေခါးပန်း စိုက်ပျိုးမည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်