စစ်တွေ ဩဂုတ် ၁၄
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ် အနက် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို အလေးထား၍ စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို ချမှတ်ထားရှိပြီးဖြစ်ရာ အဆိုပါ ဦးတည်ချက်များအား မိမိတို့ ရခိုင်ပြည်နယ်အနေဖြင့် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကြီးကြပ်ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေး အတွက် ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို အများကြည်ညိုလေးစားခြင်းခံရသော ပုဂ္ဂိုလ်များအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ပြီး သက်ဆိုင်ရာဌာနဆိုင်များဖြင့် ဖွဲ့စည်းတာဝန် ပေးထားရှိပြီး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ယခုကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၇)ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ကျင်းပမည့်ရွေးကောက်ပွဲစနစ်(Electoral System)မဲပေးနည်း(Voting System)နှင့် ရွေးကောက်ပွဲကျင်းပပုံနည်းလမ်းအသစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုအရ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း နည်းပြဆရာဖြစ်သင်တန်းကို စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင် မြို့နယ်တို့တွင် ဖွင့်လှစ်ပို့ချခဲ့ပြီး ဆင့်ပွား သင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်း ပေးခဲ့သည့် အများယုံကြည်လေးစားခြင်း ခံရသော ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများနှင့်အညီ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြစေလို ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်သည်။ ယင်းနောက် တက်ရောက်လာကြသော တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာကိစ္စများဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့်မြို့နယ်များတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရန် ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံများ၊ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ကျင်းပမည့်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)