မြစ်ကြီးနား သြဂုတ် ၁၄
ကချင်ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၌ တိုက်နယ်ဆေးရုံရှိ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ခြင်းနှင့် မေတ္တာရှင်နေ့ကလေးထိန်းကျောင်းရှိ ကလေးငယ်များအား အာဟာရများကျွေးမွေးခြင်းကို သြဂုတ် ၁၃ ရက်က ကွင်းဆင်းဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ဒေါ်နန်ဆိုင်း၊ နာယကအဖွဲ့ဝင်များ၊ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် အတူ နမ္မတီးမြို့ တိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့ကြပြီး တိုက်နယ်ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေကြသော ကိုယ်ဝန်ဆောင်မိခင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုက်နယ်ဆေးရုံ အုပ်ဒေါက်တာစိုင်းထွန်းက ကိုယ်ဝန်ဆောင်မိခင်အား အာဟာပြည့်ဝစွာ စားသုံးတတ်စေရန်နှင့် သတိထားလိုက်နာဆောင်ရွက်ကြရမည့် အချက်အလက်များအား အသိပညာပေးဟောပြောသည်။
ထို့နောက် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကက ကိုယ်ဝန်ဆောင်မိခင်များအား အားပေးစကားပြောကြားပြီး နာယကနှင့် အဖွဲ့ဝင်များက အာဟာရပြည့် စားသောက်ဖွယ်ရာများနှင့် တိုက်နယ်ဆေးရုံ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် နာယကနှင့် အဖွဲ့ဝင်များသည် နမ္မတီးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့က ကြီးမှူးဖွင့်လှစ်လျက်ရှိသော နေ့ကလေးထိန်းကျောင်းသို့ သွားရောက်ပြီး ကလေးငယ်များအား အာဟာရကျွေးမွေးခြင်း အခမ်းအနားသို့ တက်ရောက်ကာ ကလေးငယ်များအား အဟာရကျွေးမွေးခဲ့ကြသည်။
ဆက်လက်၍ နာယကနှင့် အဖွဲ့ဝင်များက ကလေးငယ်များအား အရုပ်များနှင့် ကျောင်း အတွက် ထောက်ပံ့ငွေများ၊ ကလေးငယ်များ တစ်ပတ်နှစ်ကြိမ် အာဟာရကျွေးမွေးနိုင်ရေး အာဟာရကြေးထောက်ပံ့စရိတ်များနှင့် မုန့်များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် နာယကနှင့် အဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/ မြို့နယ်/ မြို့အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်မှုအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကာ အဖွဲ့ဝင်များထဲမှ အသက်(၆၅)နှစ်အထက် သက်ကြီးအဖွဲ့ဝင်များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပြီး မြို့အတွင်းရှိ သက်ကြီးဘိုးဘွားများအား အလှူငွေများ ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)