စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းကျင်းပ

စဉ့်ကိုင်  ‌ဩဂုတ် ၁၄

ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာ‌စေရန် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း‌ကျောင်း (တောမ)တို့ ပူးပေါင်းကာ  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီခွဲက ကျင်းပသည်။

လူငယ်စကားဝိုင်းတွင် အ.လ.က (တောမ)မှ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးခဲ့ပြီး အ.လ.က (တောမ) ကျောင်းမှ Grade- 9  ကျောင်းသား မောင်ဝေယံမင်းက  "လူငယ်နှင့်ပညာရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မမေမြတ်နိုးဝတီထွန်းက "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-8 ကျောင်းသား မောင်သော်ဇင်ထိုက်က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 ကျောင်းသား မောင်အောင်မြင့်မြတ်က “လူငယ်နှင့်အားကစား”  ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ Grade-9 ကျောင်းသား မောင်လင်းပြည့်ဖြိုးက "လူငယ်နှင့် ဆိုရှယ် မီဒီယာ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်  သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့သည်။

၎‌င်းနောက် ကျောင်းအုပ်ဆရာမကြီးကိုယ်စား အလယ်တန်းပြ ဆရာမဒေါ်ယုမွန်‌ကျော်က ကျေးဇူးတင်စကား ပြောကြားသည်။ စကားဝိုင်းအပြီးတွင် ခန်းမအတွင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)