ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဖိုရမ် တက်ရောက်

စစ်တွေ ဩဂုတ် ၁၃

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဖိုရမ်တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်များက နည်းပညာနှင့်တီထွင်ဆန်းသစ်မှု၊ ထိန်းသိမ်းစို့လေ ရိုးရာအမွေ၊ ကျား၊ မတန်းတူညီမျှရေး၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ လူငယ်နှင့် AI နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည့်ခေါင်းစဉ်များဆွေးနွေးခဲ့မှုများအား အဖွဲ့လိုက် ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ လူငယ်စွမ်းရည် ဗီဒီယိုမှတ်တမ်းအားပြသပြီး ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့မှုများနှင့် လူငယ်ဖိုရမ်တွင် လူငယ်များ၏ ဆွေးနွေးခဲ့မှုများကို ပြန်လည် သုံးသပ်ဆွေးနွေးပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ လူငယ်စကားဝိုင်းနှင့်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဖိုရမ်တို့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးကြသော လူငယ်ရေးရာ ကော်မတီဝင်များ၊  တာဝန်ရှိသူများ၊ ဦးဆောင်ဆွေးနွေးသူများ၊ ကြီးကြပ်သူ Moderator များ၊ စိတ်အားထက်သန်စွာဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသော လူငယ်ကိုယ်စားလှယ်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် စေတနာ့ဝန်ထမ်း လူငယ်များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပြောကြားလိုကြောင်း၊ လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့ (Local Youth Actions For the SDGS and Beyond)ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ယနေ့ကျင်းပသော လူငယ်ဖိုရမ်တွင် မြန်မာနိုင်ငံမှ လူငယ်ထုကို ကိုယ်စားပြုပြီး လူငယ်ကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ၏ လိုလားချက်များကို ဆွေးနွေးသွားကြသည့် လူငယ်ကိုယ်စားလှယ်များကိုလည်း အထူးပင်ကျေးဇူးတင်ကြောင်း၊ နိုင်ငံတစ်နိုင်၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျပြီး လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှု အစီအမံများနှင့်  လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုများသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသော လူငယ်ဖိုရမ်မှ ထွက်ပေါ်လာသော လူငယ်များ၏အသံ၊ လူငယ်များ၏သဘောထားများအပေါ် အလေးထားနားထောင်ကာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် လူမှုသဟဇာတဖြစ်ပြီး ပိုမိုကောင်းမွန်းသော လူ့အဖွဲ့အစည်းဖန်တီးနိုင်ရေးအတွက် အားကောင်းခိုင်မာထိရောက်သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ရေးဆွဲဆောင်ရွက်သွားနိုင်မည့်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် သဟဇာတဖြစ်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ဖော်ဆောင်ရာတွင် ထူးချွန်ထက်မြက်ရုံသာမက တွေးခေါ်နိုင်စွမ်းရှိပြီး အကျင့် စာရိတ္တကောင်းမွန်ကာ တာဝန်ယူမှု တာဝန်ခံမှုရှိသော လူတော်လူကောင်းများနှင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်သည့် အတွက်ကြောင့် လူငယ်စွမ်းအား ပြည့်အင်အားဖြင့် ရှေ့သို့လှမ်းချီ မြန်မာပြည် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အသိပညာအတတ်ပညာနှင့် ပြည့်စုံပြီး စိတ်ဓာတ် စည်းကမ်းကောင်းမွန်သော လူငယ်များ၏ စွမ်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ လူမှုသဟဇာတဖြစ်မည့် လူ့အဖွဲ့အစည်းကို ဝိုင်းဝန်းတည်ဆောက်သွားကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် လူငယ်ဖိုရမ်တွင် အုပ်စုအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော လူငယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လူငယ်ဖိုရမ်တွင် အုပ်စုအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း (ပြန်/ဆက်)