မချမ်းဘော သြဂုတ် ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြုနည်းဆိုင်ရာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မချမ်းဘောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမိုးအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်း သုံးစွဲပုံအဆင့်ဆင့်ကို ပါဝါပွိုင့်များဖြင့် ရှင်းလင်းပြီးနောက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များတပ်ဆင်ပုံ၊ မဲပေးချိန်တွင် ထိန်းချုပ်စက်ကိုင်တွယ်ပုံ၊ မဲရေတွက်ချိန်တွင် ထိန်းချုပ်စက်ကိုင်တွက်ပုံတို့ကို မချမ်းဘောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမိုးအောင်၊ ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် ပူတာအိုမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဦးစီးအရာရှိ ဦးအောင်နိုင်ဦး၊ မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သင်တန်းနည်းပြအကူများက မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံဝန်ထမ်းဆောင်ရွက်မည့် မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများမှ သင်တန်းသား/သင်တန်းသူ၊ ဆရာ/ဆရာမ ၁၄၂ ဦးအား တစ်ဦးချင်းအလိုက် ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောင်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်နှင့် ဝန်ထမ်းများ သင်တန်းသားဆရာ/ဆရာမများ စုစုပေါင်း ၁၆၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို သြဂုတ်လ ၁၂ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မချမ်းဘောမြို့နယ်တွင် မဲရုံပေါင်း ၁၈ ရုံလျာထားပြီး မဲဆန္ဒရှင် လူဦးရေပေါင်း ၆၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ယောရွှေနီ(ပြန်/ဆက်)