ရန်ကုန် သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဆောင်ရွက်သည့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းသီက ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် ဉာဏ်စွမ်းရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူရည်ချွန်၊ လူရည်မွန်များပေါ်ထွက်စေရန် အခြေခံကျသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်အောင် ပူးပေါင်းပါဝင်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ငါးနှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ခန္ဓာကိုယ်ဖွံ့ဖြိုးရန်အတွက် ဗီတာမင်-A နှင့် သန်ချဆေးတိုက်ကျွေးပေးခဲ့ကြသည်။
ထို့နောက် ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီအေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းကလျာအေး၊ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင် ကြက်ဥနှင့် အိုင်အိုဒင်းဆားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီအေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းကလျာအေးနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနတာဝန်ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်ဆက်)