လှိုင်သာယာ သြဂုတ် ၁၃
အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားသို့ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်လှလှဝင်း၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ဥပဒေရုံးမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ် ဆရာ/ ဆရာမများ၊ နည်ပညာတက္ကသိုလ် ကျောင်းသား/ သူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အပြင်ပဒံကျေးရွာ ရပ်/ကျေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဒုရဲအုပ် လင်းထွဋ်က လူကုန်ကူးမှုဆိုင်ရာနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးဟောပြောခြင်း၊ မြို့နယ် ဒု-ဥပဒေအရာရှိ ဦးကောင်းစည်သူက အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းများ ကာကွယ်စောင့်ရှောက်မှုနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် မှုခင်းကာကွယ်ရေးအတွက် အမျိုးသမီးများသိသင့်သော ဥပဒေပုဒ်မများကို အသိပညာပေးရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးများ ဘဝလုံခြုံမှုကို ထိပါးစေသောအကြောင်းများ၊ အမျိုးသမီးများ သိသင့်သောပုဒ်မများဆိုင်ရာ လက်ကမ်းစာစောင်များကို အခမ်းအနားတက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်သန်း (ပြန်/ဆက်)