မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့် မဟာမုနိဘုရားကြီး သာသနာ ၂၅၀၀ ဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရန် ပန္နက်တော်တင်  

ချမ်အေးသာစံ ဩဂုတ် ၁၃

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့်  မဟာမုနိဘုရားကြီးပရိဝုဏ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်ကြီးအား အသစ်ပြန်လည်တည်ဆောက်ခြင်းအတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဩဂုတ်၁၂ရက်နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီး တည်နေရာတွင် ကျင်းပသည်။

အခမ်းအနားသို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်ဩဝါဒါစရိယ မဟာဓမ္မိကာရာမတိုက် မိတ္ထီလာကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယ အမှူးပြုသော မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် ၁၁ ပါး ကြွရောက် ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များဖြစ်သည့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော်ထံက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် အခမ်းအနားကို အစီအစဉ်တိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်ဒေသနာတော်မြတ်တို့ကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ဆရာတော်များနှင့်သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီးနောက် အလှူရှင်များဖြစ်သည့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ တာဝန်ရှိသူများက သာသနာတော် ၂၅၀၀ ဗိမာန်တော်အသစ် တည်ဆောက်ခြင်းအတွက် အလှူငွေကျပ်သိန်း ၁၅၀၀၀ ကို ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌထံပေးအပ် လှူဒါန်းသည်။ ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရထံက လှူဒါန်းမှု အစုစုအတွက် အနုမောဒနာနှင့် ရေစက်ချ တရားနာယူကြည်ညိုကြသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက သတ်မှတ်နေရာများတွင် ပန္နက်တော်တင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် အခမ်းအနားကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်