နေပြည်တော် ဩဂုတ် ၁၃
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME Association အသင်းသူ၊ အသင်းသားများ၏ သားသမီးများမှ Grade-12 အောင်မြင်/ဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် MSME Association (Naypyitaw) တွင် လစ်လပ်ရာထူးနေရာများအား ပြန်လည်ခန့်အပ်နိုင်ရေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise ၊ တော်ဝင်ခန်းမ၌ ကျင်းပရာ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME Associationအသင်း နာယက ဦးကျော်စွာဝင်းနှင့် အသင်းဥက္ကဋ္ဌ ဦးသူရိန်၊ MSME လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူငယ်တို့၏ဘဝသည် ဘဝ၏အရေးအကြီးဆုံး အချိန်ကာလဖြစ်ပြီး ဒီအချိန်ကို အကျိုးရှိစွာအသုံးချနိုင်မှုသည် အနာဂတ်အတွက် အခြေခံအုတ်မြစ်ချပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များတွင် ရိုးသားဖြောင့်မတ်၊ စေတနာ၊ သဒ္ဒါတရားရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်နှင့် ပညာပြည့်ဝနှလုံးလှသည့် လူကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ရဲ့ လူမှုရေးဦးတည်ချက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေနှင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် လူငယ်များအနေနှင့် အသိပညာ၊ အတတ်ပညာပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် လူကောင်းလူတော်တွေဖြစ်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော် MSME Association နာယကမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ MSME အသင်းဥက္ကဋ္ဌမှ အသင်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် Life member အသင်းသားတစ်ဦးမှ Education ၏ အရေးပါပုံနှင့် အသင်းမှရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME Association အသင်းသူ၊ အသင်းသားများ၏ သားသမီးများမှ Grade-12 အောင်မြင်/ဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများကို နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် ဆုရကျောင်းသားတစ်ဦးမှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက အသင်းငွေစာရင်းများအား ရှင်းလင်းတင်ပြခြင်း၊ အကြံပြုစကားပြောကြားခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)