နေပြည်တော် ဩဂုတ် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗစ်ရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ အမြန်ရောက်ရှိစေရေးနှင့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည်အသုံးပြုရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး ဆည်အတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ တမံပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် အရေးပေါ်ရေပိုလွှဲဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တမံကြံ့ခိုင်ရေးအား အမြဲစစ်ဆေးဆောင်ရွက်ရန်နှင့် နေ့/ညရေကင်းချထားရန် မှာကြားခဲ့သည်။
ယင်းနောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်မည့်မြေနေရာသို့ သွားရောက်ပြီး မြေပြုပြင်ဆောင်ရွက်နေမှုများနှင့် မြေစမ်းသပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် လုပ်ငန်းသုံးပစ္စည်းများ အမြန်ရောက်ရှိရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့ပတ်လမ်းသို့ သွားရောက်ပြီး လမ်းတစ်လျှောက်လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)