ရပ်စောက်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်နှင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ရပ်စောက် ဩဂုတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်နှင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်ကစားသမားများက အားကစားကွင်း၌ နေရာယူကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌအား အလေးပြုကြသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင်  မြို့နယ်အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ ဒေသတွင်းအားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်၊ အားကစားသမားများအနေဖြင့် စိတ်ဓာတ်နှင့်ပတ်သက်၍ အထူးအရေးကြီးကြောင်း၊ တရားသောနည်းဖြင့် အနိုင်ယူလိုသည့် စိတ်ဓာတ်ရှိရန်လိုကြောင်းနှင့် ထူးချွန်ထက်မြတ်ပြီး နိုင်ငံတော်မှအားထားရသည့် ကိုယ်စားပြုအားကစားသမားကောင်းများဖြစ်စေရန် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

၎င်းနောက် ဘင်ခရာအဖွဲ့များ၊ ပန်းဖွားသရုပ်ပြအကအဖွဲ့များ၊ Fitness dance group များမှ သီချင်းများ၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အဖွင့်ပွဲစဉ်အဖြစ် အသက်(၁၈) နှစ်အောက် ပညာရေးနယ်မြေ(၃)နှင့် (၇)တို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေနယ်မြေ (၃)က ၃ ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ ရပ်စောက်မြို့နယ် ပညာရေးမှူးဖလား အသက်(၁၈) နှစ်အောက်ပြိုင်ပွဲတွင် (၁၀)သင်း၊ အသက်(၁၂)နှစ်အောက်ပြိုင်ပွဲတွင် (၈)သင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အဆိုပါပြိုင်ပွဲများကို ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)