ဟိုပုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဟိုပုံး ဩဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်က သဘာဝဘေးနှင့်ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးများ၏ ကြိုတင်ပြင်ဆင်ရန်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးချအသုံးပြုကြရန် နည်းလမ်းများကို အကျယ်တဝင့် ဟောပြောသည်။

ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးသန့်ရှင်းရေး ပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊  အမှိုက်ခြောက်များဖြစ်သော  စက္ကူ၊  ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများအစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင် အမှိုက်ပုံးတွင်လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)