မိုင်းခတ် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) နီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းက လူငယ်နှင့်စာဖတ်ခြင်းအလေ့အထခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းနွယ်နီအောင်က လူငယ်များစာဖတ်ခြင်းဖြင့် ဘဝတန်ဖိုးမြှင့်တင်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက လူငယ်နှင့်အားကစားဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ဆတ်ဘူ၊ မမေမီနွယ်ဇံ၊ မဒေစီလှတို့(၃)ဦးအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခင်ခင်တည်းခိုခန်းနှင့် စားသောက်ဆိုင်(မိုင်းခတ်)မိသားစုမှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသရာအခမ်းအနားသို့ တက်ရောက်လာကြသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)