မဟာအောင်မြေ ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ Y Mandalay Hotel ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို မန္တလေးမြို့၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “မင်္ဂလာပါ" တေးသီချင်းဖြင့်ဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အတွက် ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း Video Clip အား ပြသခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထူးချွန်လူငယ်များ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် လူငယ်များနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ထူးချွန်လူငယ်များ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် လူငယ်များနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း (ပြန်/ဆက်)