ဖားကန့် လုံးခင်းတိုက်နယ်ဆေးရုံအား ယာယီအသွားအလာကန့်သတ်

ဖားကန့်         ဒီဇင်ဘာ        ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဆေးရုံ၌ ယမန်နေ့ည (၉)နာရီခွဲခန့်က ကိုယ်ဝန်ဆောင်လူနာအမျိုးသမီးတစ်ဦးအား အရေးပေါ်ခွဲစိတ်ကုသပေးပြီးနောက် လူနာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကနဦး စစ်ဆေးတွေ့ရှိချက်အရ အဆိုပါဆေးရုံကို ယာယီ အသွားအလာ ကန့်သတ်ထားလိုက်ကြောင်း သိရသည်။

"လူနာက ကိုယ်ဝန်ဆောင်အမျိုးသမီးပါ ကိုဗစ်-၁၉ သံသယနဲ့စောင့်ကြည့်ထားသူတော့ မဟုတ်ပါဘူး၊ သူက ကိုယ်ဝန်ဆိပ်တက်ပြီး မခွဲပေးလို့မရတဲ့ အခြေအနေပေါ့၊ ည(၉)နာရီခွဲလောက် မှာ အရေးပေါ်ခွဲပေးပြီးတော့ မသင်္ကာလို့ Test Kid နဲ့စစ်ဆေးရာမှာ Positive နေရာမှာ ရေးရေးပေါ် နေတာပေါ့၊ ဒါကြောင့် ဆက်ပြီး ဒီအမျိုးသမီးရဲ့ အဖြေသိရဖို့ ပြည်နယ်ကျန်းမာရေးဓာတ်ခွဲဌာနကို ပို့ပြီး ဆက်စစ်မှာပါ၊ အဖြေမသိရခင်အချိန်အထိတော့ လုံခင်းတိုက်နယ်ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေရော ဆေးရုံထဲက လူနာတွေပါ အသွားအလာကန့်သတ်ထားဖို့ စီစဉ်ထားပါတယ်"ဟု လုံးခင်းတိုက်နယ်ဆရာဝန် ဒေါက်တာကျော်မျိုးထွန်းက ပြောသည်။

လုံးခင်းတိုက်နယ်ဆေးရုံ၌ ဆရာဝန်နှင့်သူနာပြု ကျန်းမာရေးဝန်ထမ်းများ အားလုံး(၁၂) ယောက်ရှိပြီး၊ အထွေထွေရောဂါကုသမှုခံယူနေသူ (၁၅)ဦးထက်မနည်းရှိနေကြောင်း သိရသည်။

"ခွဲစိတ်ပေးထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ကလေးကတော့ကျန်းမာပါတယ်၊ မိခင်ကတော့ နှုံးနေတာပေါ့၊ သူ့ရဲ့အဖြေသေချာသိရမှ လုံးခင်းတိုက်နယ်ဆေးရုံက ဆက်စပ် ထိတွေ့သူတွေကို ဆရာဝန်အပါအဝင် တခြားကုတင်ဘေးက ထိစပ်လူနာတွေကို ထပ်ပြီး ကိုဗစ်-၁၉ စစ်ဆေးချက် ယူရမှာပေါ့၊ ဒီအသွားအလာကန့်သတ်ထားတဲ့ကာလအတွင်းမှာတော့ ဆေးကုသမှု လိုအပ်တဲ့ ပြင်ပကလူနာတွေအားလုံးကိုတော့ ဖားကန့်ပြည်သူ့ဆေးရုံကို လွှဲပေးဖို့ ပြင်ဆင်ထားပါတယ်" ဟု လုံးခင်းတိုက်နယ်ဆရာဝန်က ဆက်လက်ပြောသည်။

လုံးခင်းတိုက်နယ်ဆေးရုံသည် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ခုဖြစ်ပြီး ဖားကန့်မြို့နယ် တစ်ခုလုံးတွင် ဆရာဝန်နှင့် ကုသရေး ဝန်ထမ်း(၁၁၁)ယောက်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်း(၈၆) ယောက်ဖြင့် လည်ပတ်နေကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဖားကန့်၌ ဒီဇင်ဘာ (၁၇)ရက်နေ့အထိ ပိုးတွေ့သူ (၃၁၀)ဦးအနက် ဆေးရုံမှ ဆင်းခွင့်ရသူ (၂၀၄)ဦးရှိပြီး၊ လုံးခင်းကျေးရွာအုပ်စုတစ်ခုတည်းမှ ပိုးတွေ့သူ(၁၇၄)ဦး ရှိကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)