မော်လမြိုင် သြဂုတ် ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို သြဂုတ် ၈ ရက်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး သီရိမင်္ဂလာပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့်အလှူရှင်များက အနုဂါမိက(ရွှေအိုး) မြှုပ်နှံလှူဒါန်းခဲ့ကြသည်။
အဆိုပါ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို မော်လမြိုင်မြို့၊ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များရှိဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း(၂၅၅) ကျောင်းအတွက် လှူဒါန်းငွေကျပ်သိန်း(၇၈၀)ကျော်ကို စာရေးတံမဲနှိုက်၍ အလှူရှင်များကစုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း၊ ရှေးအစဉ်အလာမွန်ဘိုးဘွားများ နှစ်စဉ်ကျင်းပလှူဒါန်းခဲ့သော အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို သမိုင်းဝင်ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင်ကျင်းပခဲ့သည်မှာ(၁၃၄)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)