ကျောက်ဆည် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန် မြှင့်တင်ရေး ကျောက်ဆည်မြို့နယ် အမှတ်(၄)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် (၁၀)နာရီ က အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီဌေးက ဘက်စုံထူးချွန်ရေး ငယ်ရွယ်စဉ်အချိန်ကပင် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတပြည့်စုံရေးနှင့် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် အလိမ္မာစာမှာရှိ၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိ စသည့်စာပေ အကျိုးကျေးဇူးများ အကြောင်းအသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင်ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတ၊ ရသစာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)